Untitled Document Untitled Document
OMNIA POSSUM IN EO
CATHOLIC ARCHDIOCESE OF YANGON
Untitled Document
FOLLOW ME
Untitled Document
Untitled Document

Homily of Charles Cardinal Bo for August 9, 2020

"ကရုဏာစိတ်၊ ပြန်လည်သင့် မြတ်လိုတဲ့စိတ်၊ တရားမျှတမှုမြတ်နိုးတဲ့စိတ်တွေရှိနေမယ်ဆိုရင် စိုးရိမ်ထိတ်လန့်ခြင်းရေလှိုင်းတွေအပေါ် မှာ လျှောက်လှမ်းနိုင်ပြီး အကူအညီလိုအပ်သူတွေကိုလည်း သွားရောက်ကူညီနိုင်ပါလိမ့်မယ်။"

 

(၁၉) ကြိမ်မြောက်သာမန်တနင်္ဂနွေ    

 

ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

 

          ယေဇူးဘုရားရှင်ရဲ့နာမတော်၌ ကောင်းချီးမင်္ဂလာအပေါင်း ရရှိခံစားရပါစေလို့ ဦးစွာပထမ ဆန္ဒ ပြုပါတယ်။ အံ့ဖွယ်တန်ခိုးပြသတော်မူတဲ့ယေဇူးဘုရားရှင်ကို သင်တို့ရဲ့ဘဝမှာလည်း အံ့ဖွယ်ရာတွေလုပ် ဆောင်ခွင့်ပေးလိုက်ပါ။ ဒီနေ့ဖတ်ရှုရတဲ့ကျမ်းစာတွေဟာ အတိတ်က ဖြစ်ရပ်ဆိုးတွေ၊ စိန်ခေါ်မှုတွေကို ပြန်လည်အမှတ်ရစေပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဒီနေ့ဟာ သြဂုတ်လ ၉ ရက်နေ့ဖြစ်လို့ပါပဲ။ ဒီနေ့ ဟာ လူသားတွေရဲ့သမိုင်းကြောင်းမှာ အမှောင်ကျခဲ့တဲ့နေ့ရက်တစ်ရက်ပါ။

 

          ဒီနေ့ဟာ လူ့သမိုင်းကြောင်းကို ထာဝရပြောင်းလဲပစ်ခဲ့တဲ့နေ့ရက်ဖြစ်သလို လူသားတွေရဲ့ ဆိုးညစ် တဲ့လုပ်ရပ်က နတ်ဆိုးကြီးလူဆီဖဲရဲ့လုပ်ရပ်ထက်တောင် ဆိုးဝါးခဲ့တဲ့နေ့ရက်ဆိုရင်လည်း မမှားပါဘူး။ ၁၉၄၅ ခုနှစ်၊ သြဂုတ် ၉ ရက်နေ့မှာ ဒုတိယအနုမြူဗုံးကို ဂျပန်နိုင်ငံပေါ်မှာ ကြဲချလိုက်ပါတယ်။ နံနက် (၁၁းဝ၂)နာရီအချိန်မှာ မြို့ရဲ့အထက်ဝေဟင်ယံ အမြင့်ပေ (၁၆၅၀)လောက်ကနေ ဗုံးကို ကြဲချလိုက်တာ ပါ။ ပစ်ချလိုက်တဲ့အနုမြူဗုံးဟာ ပြင်းထန်လှတဲ့ဗုံးအလုံးပေါင်း (၂၂၀၀၀)လောက်ရဲ့ပြင်းအားမျိုးနဲ့ ပေါက် ကွဲခဲ့ပါတယ်။ မြို့ပတ်လည်မှာ ဝိုင်းထားတဲ့ တောင်တန်းတွေရှိလို့ ပတ်ဝန်းကျင်ကို အရမ်းမပျံ့ခဲ့တာ တောင်မှ သေဆုံးသူအရေအတွက်က (၆)သောင်းနဲ့ (၈)သောင်းအကြား ရှိခဲ့လိမ့်မယ်လို့ ခန့်မှန်းကြပါ တယ်။ လူတွေရဲ့အသားအရေတွေ အရည်ပျော်ကျခဲ့ရပါတယ်။ အက်ဆစ်မိုးလည်း ရွာခဲ့တာကြောင့် လူ ထောင်ပေါင်းများစွာဟာ အနုမြူဓာတ်ရောင်ခြည်သင့်တဲ့ဒဏ်ကို ခံစားခဲ့ကြရပါတယ်။

 

အသေးငယ်ဆုံးအနုမြူအက်တမ်လေးတစ်ခုက ဒီဖြစ်ရပ်ဆိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ လူသားတွေ ဟာ ဒီအက်တမ်လေးရဲ့အဖျက်စွမ်းအားကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သိရှိလာပြီး လူသားအချင်းချင်း စတင်သတ်ဖြတ်ကြပါတော့တယ်။ အဲဒီနေ့ကစပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ မိမိတို့ရဲ့ရန်ဘက်တွေ ကို စစ်ပွဲမှာ အပြတ်ချေမှုန်းနိုင်ဖို့အတွက် ဒေါ်လာသိန်းသန်းချီပြီး သုံးစွဲကြပါတော့တယ်။ ပြင်းထန်တဲ့စစ် ပွဲတွေအဆက်မပြတ်ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်းများစွာဟာလည်း စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးကြရ တဲ့ဆိုးကျိုးကို လူသားတွေ ယနေ့ထိတိုင်အောင် ခံစားနေကြရပါတယ်။ နိုင်ငံ(၉)နိုင်ငံကပိုင်ဆိုင်တဲ့ နျူ ကလီးယားဗုံးအရေအတွက်ဟာ (၁၅၀၀၀)လောက်အထိ ရှိပါတယ်။ အဲဒီဗုံးတွေဟာ ဒုတိယကမ္ဘာစစ် တုန်းက ကြဲချခဲ့တဲ့ဗုံးတွေထက် (၅၃)ဆအထိ ပိုပြီးပြင်းတဲ့အတွက် သူတို့ရဲ့အန္တရာယ်က တော်တော်လေး ကို ကြီးမားပါတယ်။ အချိန်မရွေး ကမ္ဘာပျက်သွားနိုင်ပါတယ်။

 

မျက်စိနဲ့မမြင်နိုင်တဲ့အက်တမ်လေးက အဲဒီလောက်တောင်ကြောက်စရာကောင်းတဲ့အစွမ်းတွေကို ပိုင်ဆိုင်ထားတာပါ။

 

အခုအချိန်မှာတော့ သန်းပေါင်းများစွာသောလူတွေဟာ အက်တမ်ရဲ့တိုက်ခိုက်ခြင်းကို မခံရပေမဲ့ အက်တမ်ထက်များစွာသေးငယ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့တိုက်ခိုက်ခြင်းကို အလူးအလဲ ခံနေကြရပါတယ်။ မမြင်ရတဲ့ဗိုင်းရပ်စ်လေးဟာ လူတွေအောင်နိုင်ဖို့ အတော်ခဲယဉ်းတဲ့ရန်သူဖြစ်နေပါပြီ။

 

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက သေးငယ်လွန်းလှတဲ့ ကူးစက်ရောဂါပိုးက နျူကလီးယား အင်အားကြီးနိုင်ငံတွေကို ဒူးထောက်ကျရှုံးစေခဲ့တဲ့ဖြစ်ရပ်ပါပဲ။ ဒီဗိုင်းရပ်ပိုးလေးက မာနထောင်လွှားနေတဲ့ အင်အားကြီးနိုင်ငံတွေကို သင်ခန်းစာကောင်းကောင်းပေးခဲ့ပါတယ်။ သူတို့ဟာ တခြားနိုင်ငံတွေနဲ့အတူ လူသားမျိုးနွယ်စုအဖြစ် အတူတကွ ရပ်တည်ရပါလိမ့်မယ်။ မဟုတ်လို့ရှိရင် သူတို့ဟာ ပျက်စီးပျောက် ကွယ်သွားပါလိမ့်မယ်။ ဒီလိုပျက်စီးပျောက်ကွယ်ဖို့အတွက် အဖျက်စွမ်းအားပြင်းတဲ့ဗုံးတွေမလိုအပ်ပါဘူး။ သေးငယ်တဲ့ဗိုင်းရပ်စ်ပိုးလေးက ကျွန်ုပ်တို့အတွက် ပျက်စီးခြင်းကို ယူဆောင်လာနိုင်ပါတယ်။

 

ဒီနေ့ဖတ်ရှုရတဲ့ကျမ်းတွေထဲမှာ လူသားအချင်းချင်း ကောက်ကျစ်ယုတ်မာတဲ့စိတ်ဓာတ်တွေဖြစ်တဲ့ ကိန်နက အာဗေလကို တိုက်ခိုက်တာတာ၊ ဖာရီဇေဦးတွေက ယေဇူးဘုရားရှင်ကို ဆန့်ကျင်ဘက်ပြုတာ၊ ရောမလူမျိုးတွေက ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်တာ၊ လူဖြူတွေက လူမည်းတွေအပေါ် ခွဲခြား ဆက်ဆံတာ၊ ဘာသာတရားအချင်းချင်း ဖိနှိပ်တာ စတဲ့အရာတွေကို တွန်းလှန်တိုက်ဖျက်မယ့်နည်းလမ်း တွေကို သွန်သင်ထားပါတယ်။ ဒီကျမ်းစာတွေက  ကျွန်ုပ်တို့အားလုံးကို လူသားအချင်းချင်းစာနာစိတ်ထား ဖို့ စိန်ခေါ်နေပါတယ်။

 

ပထမကျမ်းမှာဆိုရင် ပရောဖက် ဧလိယဟာ ဂူထဲကို သွားပြီး ထာဝရဘုရားကြွလာတာကို စောင့် မျှော်နေပါတယ်။ ထာဝရဘုရားဟာ ဘုန်းတန်ခိုးအရှိန်အဝါကြီးမားစွာ ကြွလာမယ်လို့ ပရောဖက်ကြီးက အရိုးခံစိတ်နဲ့ မျှော်လင့်ခဲ့ပါတယ်။ ကျမ်းစာထဲမှာ ဖော်ပြထားတာက ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေမှာ အနုမြူဗုံးကွဲခဲ့တဲ့ပုံစံမျိုးလိုဖြစ်နေပါတယ်။

 

““ထိုအခါ အားကြီးသောလေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍ ထာဝရဘုရားရှေ့တော်၌ ကျောက် တို့ကို ချိုးဖဲ့၏။””

 

ဒါပေမဲ့ သေချာဆက်ဖတ်ကြည့်ပါ။ ““သို့ရာတွင် ထာဝရဘုရားသည် လေ၌ ရှိတော်မမူ။”” အဲဒီ နောက် ငလျင်လှုပ်တယ်။ အနုမြူဗုံးပေါက်ကွဲပြီးတာနဲ့ ငလျင်(၇)ခုလောက် တစ်ပြိုင်တည်းလှုပ်သလိုမျိုး မြေတစ်ပြင်လုံးတုန်ခါသွားတယ်။ ပရောဖက် ဧလိယက မြေငလျင်ထဲမှာ ထာဝရဘုရားရှိမယ်လို့ ထင်ပြန် တယ်။ ဒါပေမဲ့ ထာဝရဘုရားဟာ မြေငလျင်လှုပ်ရှားခြင်းမှာလည်း မရှိဘူး။ အဲဒီနောက် ကျမ်းစာက ““မြေ လှုပ်ခြင်းနောက်မှာ မီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်း ရှိတော်မမူ””လို့ ဆိုပြန်တယ်။

 

ပြီးတာနဲ့ ““မီးနောက်မှာ ဖြည်းညင်းသောအသံရှိ၏။ ထိုအသံကို ဧလိယသည် ကြားလျှင် မျက်နှာ ကို ဝတ်လုံနှင့်ဖုံးအုပ်လျက် ထွက်၍ ဥမင်ဝ၌ ရပ်နေ၏””လို့ ဆိုပါတယ်။ ပရောဖက် ဧလိယဟာ သိမ်မွေ့ ညင်သာတဲ့ ဘုရားသခင်ရဲ့မျက်မှောက်တော်ကို သိရှိခံစားလိုက်ရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြားကနေ သမိုင်းကြောင်းကို နောက်ပြန်ကြည့်လိုက်ရင် (၂၀)ရာစုမှာ လူသားတွေဟာ အနုမြူဗုံးအပြိုင်အဆိုင်တည်ဆောက်ပြီး လူသန်းပေါင်းများစွာကို သေကြေဒုက္ခရောက် စေတဲ့စစ်ပွဲကာလအတွင်း ဘုရားသခင်ကို နေရာအနှံ့ရှာဖွေခဲ့ကြပါတယ်။

 

- ဟစ်တလာနဲ့ နာဇီစနစ်ဆိုးအောက်မှာ ဘုရားသခင်ကို ရှာလို့ မတွေ့ခဲ့ကြပါဘူး။

 

- ဂျိုးဇက်စတာလင်ရဲ့ကွန်မြူနစ်စနစ်ဆိုးအောက်မှာလည်း ဘုရားသခင်ကို ရှာလို့ မတွေ့ခဲ့ကြပါဘူး။

 

- လူသန်းနဲ့ချီပြီး ငတ်မွတ်သေဆုံးတဲ့ မော်ဝါဒအောက်မှာလည်း ဘုရားသခင်ကို ရှာမတွေ့ခဲ့ပါဘူး။

 

- အရင်းရှင်နိုင်ငံတွေနဲ့ ဓနရှင်လူတန်းစားရဲ့ဂုတ်သွေးစုပ်အမြတ်ထုတ်တဲ့လုပ်ရပ်မှာလည်း ဘုရားသခင် ကို ရှာလို့ မတွေ့ခဲ့ကြပါဘူး။

 

ဒီလိုကြမ်းတမ်းခက်တန်တဲ့အဖျက်အမှောင့်တွေကြားမှာ ဒါ၀ိတ်က ဂေါလိယကို ရင်ဆိုင်သလိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ရပ်တည်တဲ့လူသားတွေရဲ့ဘဝထဲမှာသာ ဘုရားသခင်ကို ရှာဖွေတွေ့ရှိခဲ့ကြပါ တယ်။

 

- မာသာရ် ထရေဇားလို ပိန်လှီနေတဲ့သီလရှင်က အပယ်ခံလူတန်းစားတွေကို ပြုစုစောင့်ရှောက်တဲ့အခါ ဘုရားသခင်ကို တွေ့ခဲ့ကြပါတယ်။

 

- အရင်းရှင်နယ်ချဲ့တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရင်ဆိုင်ခဲ့တဲ့ မဟတ္တမဂန္ဓီရဲ့ အေးဆေးတည်ငြိမ်မှု ကို မြင်ရတဲ့အခါ ဘုရားသခင်ကို တွေ့ခဲ့ကြပါတယ်။

 

- လူမည်းဖြစ်တဲ့ ဒေါက်တာ မာတင်လူသာကင်းဂျူနီယာရဲ့ အတုယူဖွယ်ဟောပြောချက်ကို ကြားနာပြီး လွတ်မြောက်ခြင်းရဲ့အရှင်ဖြစ်တဲ့ ယေဇူးဘုရားရှင် သေခြင်းက ပြန်လည်ထမြောက်တော်မူတဲ့ဖြစ်ရပ် ကို ကြားနာရတဲ့အခါ ဘုရားသခင်ကို  ကျွန်ုပ်တို့တွေ့ရှိခဲ့ကြပါတယ်။

 

မှန်ပါတယ်။ ဒီနေ့ဖတ်ရှုတဲ့ကျမ်းတွေဟာ လူသားတွေမျိုးသုန်းပျောက်ကွယ်နိုင်တဲ့ နျူကလီးယား အန္တရာယ်နဲ့ ကပ်ဘေးအန္တရာယ်တွေကို သတိပြုမိစေပါတယ်။ ဒီအန္တရာယ်နှစ်ခုစလုံးမှာ အဓိကထိန်းချုပ် ခြယ်လှယ်နေတာက လက်တစ်ဆုပ်စာပဲရှိတဲ့ နိုင်ငံတွေနဲ့ လူတန်းစားအလွှာတွေပါပဲ။

 

နိုင်ငံတွေမှာလည်း ကျန်းမာရေးအသုံးစရိတ်ထက် စစ်အသုံးစရိတ်က ပိုများနေပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ စစ်သားဦးရေက ဆရာဝန်နဲ့ သူနာပြုဦးရေ ပိုများနေပါတယ်။ အခုဆိုရင် ကပ်ရောဂါက လူ ပေါင်း (၁၉)သန်းကျော်ကူးစက်ခဲ့ပြီး (၇)သိန်းကျော်သေဆုံးခဲ့ရပါပြီ။ ဒုတိယကျမ်းမှာ ရှင်ပေါလုက ရောမ မြို့သားတွေဆီ ရေးတဲ့သြဝါဒစာမှာ အခုလိုညည်းတွားခဲ့ပါတယ်။

 

““ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။””

 

ဘုရားသခင်ဖန်ဆင်းပြီး အလွန်ကောင်းတယ်လို့ မြင်တော်မူတဲ့ကမ္ဘာကြီးဟာ ဘာတွေဖြစ်ကုန်ပြီ လဲ။ (ကမ္ဘာ ၁း၃၁) ဒီအကြောင်းနဲ့ပတ်သက်လို့ ဧဝံဂေလိကျမ်းက ရှင်းပြထားပါတယ်။

 

ဒီနေ့ဖတ်ရှုတဲ့ဧဝံဂေလိကျမ်းက အရင်အပတ်က ဖတ်ခဲ့တဲ့ မုန့်ငါးလုံး၊ ငါးနှစ်ကောင်နဲ့ လူငါး ထောင်ကို ကျွေးမွေးပြီးနောက် ဆက်ဖြစ်တဲ့ဟာကို ဖော်ပြထားပါတယ်။ ယေဇူးဘုရားရှင်ဟာ လူထုပရိ သတ်ထွက်သွားပြီးတဲ့အခါ သူ့ရဲ့တပည့်တော်ကြီးတွေကို လှေနဲ့ အိုင်တစ်ဖက်ကမ်းကို အရင်သွားစေပြီး သူကတော့ ဆိတ်ငြိမ်စွာ ဆုတောင်းဖို့ တောင်ပေါ်ကို တက်သွားပါတယ်။ ယေဇူးသခင်ဟာ ခမည်းတော် ဘုရားကို ကျေးဇူးတင်ဖို့၊ ပိုမိုပြီး သိရှိလာဖို့၊ ခွန်အားယူဖို့  အတူရှိနေပြီး ဆုတောင်းခြင်းဖြစ်ပါတယ်။

 

အဲဒီလို ယေဇူးသခင်က ဆုတောင်းနေချိန်မှာ တပည့်တော်ကြီးတွေကတော့ အိုင်ထဲမှာ လေပြင်း ကျတာကြောင့် ခရီးမတွင်ဘဲ ရှိနေပါတယ်။ ရှင်မာတေဦးဧဝံဂေလိကျမ်း အခန်းကြီး(၈)မှာတုန်းက ယေဇူး ဘုရားရှင်ဟာ လေနဲ့ရေကို ငြိမ်သက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ တပည့်တော်ကြီးတွေ ဟာ ရေပေါ် လမ်းလျှောက်ပြီး သူတို့ဆီကို လာနေတဲ့ယေဇူးဘုရားရှင်ကို တွေ့တဲ့အခါ တစေ္ဆသရဲထင်ပြီး ထိတ်လန့်တုန်လှုပ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

 

ကိုဗစ်ကပ်ရောဂါကလည်း အလားတူအခြေအနေမျိုးဖြစ်ပေါ်စေပါတယ်။  ကျွန်ုပ်တို့ဘဝဟာ ငြိမ်း အေးမှုမရှိဘဲ ဘုရားသခင်ကိုလည်း ရှာမတွေ့ဖြစ်နေကြပါတယ်။ တချို့က ကိုယ်တော်ရှင်စွန့်ပစ်သွားပြီလို့ ထင်ကြပါတယ်။ တချို့တရားဟောဆရာတွေက ဒီကပ်ရောဂါကို ဘုရားသခင်ရဲ့ဒဏ်ခတ်ခြင်းလို့တောင် မှားယွင်းစွာ ဟောပြောကြပါတယ်။ ဧဝံဂေလိကျမ်းကို ပြန်ကြည့်ပါ။ တမန်တော်ကြီးတွေတောင်မှ ကယ် တင်တော်မူတဲ့အရှင်ကို တစေ္ဆသရဲနဲ့ အမှတ်မှားကြတယ်။ အန္တရာယ်လို့ပဲ ထင်ခဲ့ကြတယ်။

 

ကိုဗစ်ကပ်ရောဂါကာလမှာ လူတိုင်းလူတိုင်းကို မိမိကိုအန္တရာယ်ပေးမယ့်သူ၊ ရောဂါကူးစက်အောင် လုပ်မယ့်သူအဖြစ် မြင်လာကြတယ်။ သူရှိနေတာကိုက စိတ်မသက်မသာစရာအကြောင်း ဖြစ်လာတယ်။ ဒီလိုဝေခွဲမရတဲ့စိတ်ဖြစ်ပေါ်နေချိန်မှာ ယေဇူးသခင်ရဲ့နှုတ်ကပါတ်တော်ကို နှလုံးသွင်းပါ။

 

““တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်ကြနှင့်။””

 

 ကျွန်ုပ်တို့ဟာ ကပ်ရောဂါအပေါ် စိုးရိမ်စိတ်ကြောင့် လူတကာအပေါ် ယုံကြည်စိတ်ပျောက်ဆုံးနေ ကြပါတယ်။ မိမိတို့ရဲ့ချစ်သူခင်သူတွေ ဆုံးရှုံးရတာ၊ ကွာရန်တင်းဝင်ရတာ၊ ကျန်းမာရေးလုပ်သားအဖြစ် ရှေ့တန်းက တာဝန်ထမ်းဆောင်နေရတာမျိုး ကြုံတွေ့နေရသူတွေအတွက် ယေဇူးဘုရားရှင်က နှစ်သိမ့် စကားမြွက်ကြားခဲ့ပါတယ်။

 

““တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်ကြနှင့်။””

 

ဒီကပ်ရောဂါကြောင့် လူတွေဟာ အချင်းချင်းစိုးရိမ်ထိတ်လန့်လာခဲ့ကြတယ်။ ငွေရှိတဲ့သူတွေက ဆင်းရဲသားတွေ၊ အားနည်းချို့တဲ့သူတွေကို စိုးရိမ်စိတ်နဲ့ ကြည့်လာကြတယ်။ လူသားချင်းအတူတူ တန်း တူညီမျှဆက်ဆံဖို့ တောင်းဆိုတဲ့ လူမည်းတွေကို လူဖြူတွေက ကြောက်လာကြတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေအကူအညီတောင်းလာမှာကို ကြောက်လာကြတယ်။ အဲဒီလို သူတစ်ပါး အပေါ် အမုန်းတရားစိတ်၊ ကြောက်ရွံ့စိတ်နဲ့ ကြည့်နေတဲ့သူတွေကို ယေဇူးဘုရားရှင်က နှစ်သိမ့်စကား မြွက်ကြားခဲ့ပါတယ်။

 

““တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်ကြနှင့်။””

 

ဒီလိုမသေချာမရေရာတဲ့အချိန် ငါဆာလောင်တဲ့အခါ သင်စားစရာပေးခဲ့တယ်။ ငါနေမကောင်းတဲ့ အခါ သင်ပြုစုပေးခဲ့တယ်။ ငါအဝတ်အချည်းစည်းဖြစ်တဲ့အခါ သင် ဝတ်စရာပေးခဲ့တယ်။ ငါစွန့်ပစ်ခံရတဲ့ အခါ သင်က နေရာစရာပေးခဲ့တယ်။ ငါကွာရန်တင်းဝင်တဲ့အခါ သင်စိတ်ပူပေးခဲ့တယ်။ ငါစိတ်သောက ရောက်နေတဲ့အခါ သင်က ကြင်နာစွာ စောင့်ရှောက်ခဲ့တယ်။ အငယ်ဆုံးသော ငါ၏ညီအစ်ကိုမောင်နှမ တို့ကို သင်ပြုစုပေးခဲ့လျှင် သင်ဟာ ငါ့ကို ရှာဖွေတွေ့ရှိပါပြီ။ ““ဒါဟာ သခင်ဘုရားပဲ””လို့ ဟစ်ကြွေးလိုက် ပါ။ သင်ကြုံတွေ့တဲ့သူတိုင်းကို ဘုရားသခင်ရဲ့သားသမီးအစစ်အမှန်အဖြစ် ရှုမြင်ပါ။ ဒီလိုအမှောင်ကျတဲ့ ကာလမှာ ဒါဟာ ဘုရားသခင်ဖော်ပြတော်မူတဲ့ အလင်းကျေးဇူးပါပဲ။

 

ဒီနေ့ဖတ်ရှုကြားနာခဲ့တဲ့ဧဝံဂေလိကျမ်းဟာ  ကျွန်ုပ်တို့ကို အံ့ဖွယ်တန်ခိုးပြုလုပ်သူ၊ ရေပေါ်မှာ လမ်း လျှောက်သူဖြစ်လာစေဖို့ အားပေးထားပါတယ်။ မှန်ပါတယ်။ အံ့ဖွယ်တန်ခိုးဖန်တီးနိုင်တဲ့သူတွေဖြစ်လာဖို့ အားပေးထားတာပါ။  မဟတ္တမဂန္ဓီက ““ ကျွန်ုပ်တို့ဟာ မိမိတို့လုပ်နေကျအရာကို လုပ်တာထက် မိမိတို့စွမ်း ဆောင်နိုင်တဲ့အရာကို ကြိုးစားလုပ်ဆောင်တဲ့အခါ အံ့ဖွယ်ရာတွေလုပ်နိုင်သူဖြစ်လာတယ်””လို့ အားပေး စကားဆိုထားပါတယ်။  ကျွန်ုပ်တို့ဘဝမှာ လုပ်ဆောင်နိုင်တဲ့ကောင်းမှုမှန်သမျှကို ကြိုးစားပြီးလုပ်တဲ့အခါ အံ့ဖွယ်ရာတွေဖြစ်လာပါလိမ့်မယ်။ လူတွေကို မုန်းတီးတဲ့စိတ်ကနေ လူတိုင်းလူတိုင်းဟာ ညီအစ်ကို မောင် နှမတွေပါပဲလို့ စိတ်ထားလိုက်ရင် အံ့ဖွယ်ရာတွေဖြစ်လာပါလိမ့်မယ်။ ကိုယ်ကျိုးပဲကြည့်နေရာကနေ အများနဲ့ မျှဝေတတ်လာတဲ့အခါ အံ့ဖွယ်ရာတွေဖြစ်လာပါလိမ့်မယ်။

 

မှန်ပါတယ်။ ဒီကာလကို အမှောင်ကာလလို့လည်း ဆိုနိုင်ပါတယ်။ ကပ်ရောဂါဖိစီးနေတဲ့ ၀ါတွင်း ကာလအချိန်တုန်းက ““ ကျွန်ုပ်တို့အားလုံးဟာ တစ်လှေထဲစီးပြီး တစ်ခရီးထဲ သွားနေကြသူတွေပါ””လို့ ပုပ် ရဟန်းမင်းကြီးက သတိပေးဆုံးမခဲ့ပါတယ်။ မယုံသင်္ကာတဲ့မျက်လုံးနဲ့ပဲ ကြည့်နေမယ်ဆိုရင် အားလုံးကို စိုး ရိမ်ကြောက်လန့်စရာအဖြစ်ပဲ ရှုမြင်နေပါလိမ့်မယ်။

 

ဒါပေမဲ့  ကျွန်ုပ်တို့ဟာ ရေပေါ်မှာလည်း လမ်းလျှောက်နိုင်ပါတယ်။ ကရုဏာစိတ်၊ ပြန်လည်သင့် မြတ်လိုတဲ့စိတ်၊ တရားမျှတမှုမြတ်နိုးတဲ့စိတ်တွေရှိနေမယ်ဆိုရင် စိုးရိမ်ထိတ်လန့်ခြင်းရေလှိုင်းတွေအပေါ် မှာ လျှောက်လှမ်းနိုင်ပြီး အကူအညီလိုအပ်သူတွေကိုလည်း သွားရောက်ကူညီနိုင်ပါလိမ့်မယ်။

 

ရှောလမုန်သီချင်း (၈း၆)မှာ ဆိုထားတဲ့ ““မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏””ဆိုတဲ့ ကျမ်းစကားကို ခွန်အားယူရင်း စိတ်ပျက်အားလျော့ခြင်းဆိုတဲ့ပင်လယ်ပြင်ကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။

 

လွန်ခဲ့တဲ့ရာစုနှစ်တွေမှာ လူသားမျိုးနွယ်ကို ခြိမ်းခြောက်တဲ့အန္တရာယ်နှစ်ခုကို  ကျွန်ုပ်တို့ကြုံတွေ့ခဲ့ရ ပါတယ်။ အဲဒါတွေကတော့ အနုမြူလက်နက်နဲ့ ကပ်ရောဂါတွေပါပဲ။ အဲဒီအတွက် လူသန်းပေါင်းများစွာ လည်း အသက်ပေးခဲ့ကြရပါတယ်။

 

ဒါပေမဲ့ ““သင့်တို့အား ငါချစ်သည့်အတိုင်း သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့””ဆိုတဲ့ ယေဇူးဘုရားရှင်ရဲ့ တရားလမ်းအတိုင်း  ကျွန်ုပ်တို့အတူတကွလျှောက်လှမ်းနိုင်မယ်ဆိုရင် အခက်အခဲတွေ ကို  ကျွန်ုပ်တို့ဖြတ်ကျော်နိုင်ပါလိမ့်မယ်။ စိန်ခေါ်ခြိမ်းခြောက်မှုတွေကြားမှာ ယေဇူးဘုရားရှင်ထင်ရှားပြပြီး ““တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်ကြနှင့်””လို့ နှစ်သိမ့်စကားမြွက်ကြားနေပါ တယ်။ မှန်ပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ ပျောက်ကွယ်သွားပါလိမ့်မယ်။  ကျွန်ုပ်တို့ဟာလည်း ပိုမိုသန်မာ တဲ့လူသားမျိုးနွယ်အဖြစ် ပြန်လည်ထွက်ပေါ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သခင်ဘုရားဟာ  ကျွန်ုပ်ဆီကို လျှောက်လာနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့စိုးရိမ်ကြောက်လန့်နေတဲ့အရာက ယေဇူးဘုရားရှင်ဆိုတာကို သိရှိပြီးတဲ့နောက်မှာ ““ကိုယ်တော်သည် ဘုရားသခင်၏သားတော်အစစ်အမှန် ဖြစ်တော်မူပါ၏။  ကျွန်ုပ်တို့အား ကုသပျောက်ကင်းစေတော်မူပါ””လို့ တညီတညွတ်တည်း ရွတ်ဆိုကြပါစို့။

 

ဘုရားသခင်ရဲ့ကောင်းချီးတော် အစဉ်ခံစားကြရပါစေ။

Message and Events
Untitled Document copyright © Catholic archdiocese of yangon. All right reserved