Untitled Document Untitled Document
OMNIA POSSUM IN EO
CATHOLIC ARCHDIOCESE OF YANGON
Untitled Document
FOLLOW ME
Untitled Document
Untitled Document

"ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ငါးနှစ်ကောင်နဲ့မုန့်ငါးလုံးပေးထားပါပြီ၊ ဒါတွေကိုတိုးပွားအောင်လုပ်ရမှာပါ"

ကာဒီနယ် ချားလ်စ်ဘို ၏ သြဝါဒ

 

ပေါင်မုန့်(၅)လုံးရဲ့အံ့ဖွယ်တန်ခိုးနဲ့ ငတ်မွတ်ခြင်းကပ်

(၁၈) ကြိမ်မြောက်သာမန်တနင်္ဂနွေ    သြဂုတ် ၂၊ ၂၀၂၀

          လူသားမျိုးနွယ်အပေါင်း ဘုရားသခင်ရဲ့ကောင်းချီးတော်ခံစားကြရပါစေ။ ဘုရားသခင်ရဲ့ကုသခြင်း လက်တော်ဟာ ကျွန်ုပ်တို့အားလုံးကို ဆက်လက်တို့ထိတော်မူပါစေ။ ကမ္ဘာကြီးတစ်ခုလုံး ရောဂါကင်းစင်တဲ့နေ့ကို ကျွန်ုပ်တို့စောင့်မျှော်နေကြပါတယ်။ ဘုရားသခင်ထံတော်မှာလည်း ဆက်လက်ပြီး ဆုတောင်းနေ ကြပါတယ်။ မမြင်ရတဲ့ဗိုင်းရပ်စ်ပိုးက ကမ္ဘာကို ကိုင်လှုပ်နိုင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ခိုင်မာတဲ့ ယုံကြည် ခြင်းကလည်း မုန်ညင်းစေ့လောက်ပဲ သေးငယ်နေပါစေ၊ ကိုဗစ်တောင်ကုန်းတွေကို ဖယ်ရှားဖြိုခွဲပစ်နိုင်ပါ တယ်။ သင်တို့အားလုံးအတွက်လည်း ကျွန်ုပ်တို့ဆုတောင်းပေးနေပါတယ်။ စိတ်ပျက်အားလျော့ခြင်းမရှိကြပါနဲ့။ ဘုရားသခင်ဟာ ကျွန်ုပ်တို့မသိတဲ့အချိန်မှာတောင် ကျွန်ုပ်တို့အတွက် အစဉ်အမြဲလုပ်ဆောင်ပေး တော်မူတဲ့အရှင်ဖြစ်ပါတယ်။ ကိုယ်တော်ရှင်ဟာ အံ့ဖွယ်တန်ခိုးတော်တွေပြသနိုင်တဲ့အရှင်ဖြစ်ပါတယ်။

          ဒီတနင်္ဂနွေမှာတော့ ကိုယ်တော်ရှင်ဟာ ပေါင်မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို အသုံးပြုပြီး လူငါး ထောင်ကျော်ရဲ့ ဆာလောင်ငတ်မွတ်ခြင်းပြဿနာကို ဖြေရှင်းပေးခဲ့တာတွေ့ရပါတယ်။ အခုလို ကိုဗစ် ကာလမှာ ဒီလိုအဖြစ်အပျက်ကို ဖတ်ရတာဟာ တကယ့်ကိုပဲ စိတ်ဓာတ်ခွန်အားရရှိပါတယ်။

သေကြေပျက်စီးမှုနှုန်းပိုများတဲ့ ငတ်မွတ်ခြင်းကပ်

          ကိုဗစ်ကာလမှာ ထပ်မံပေါ်လာတဲ့ကပ်ကတော့ ငတ်မွတ်ခြင်းကပ်ပါပဲ။ အဲဒီငတ်မွတ်ခြင်းကပ်ဟာ လူသားတွေကို အမြဲဒုက္ခပေးနေတဲ့ကပ်ပါ။ ကမ္ဘာပေါ်မှာ လူဦးရေ (၈၂၁)သန်းဟာ ကျန်းမာပျော်ရွှင်တဲ့ ဘဝရရှိဖို့ လိုအပ်တဲ့အစားအစာကို မရကြပါဘူး။ လူ(၉)ယောက်မှာ (၁)ယောက်နှုန်း ဗိုက်ဟောင်း လောင်းနဲ့ အိပ်ယာဝင်ကြရပါတယ်။ Oxfam လို အဖွဲ့အစည်းတွေရဲ့အဆိုအရ လူသန်းပေါင်း(၁၂၀) ကျော်ဟာ ငတ်မွတ်ခြင်းကပ်ဘေးနဲ့ ကြုံရအုံးမှာပါ။ ကိုဗစ်ကပ်ရောဂါ ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် နေ့စဉ်နေ့တိုင်း လူပေါင်း(၁၂၀၀၀)ဟာ ငတ်မွတ်ခြင်းနဲ့ သေဆုံးရပါလိမ့်မယ်။ လက်ရှိမှာ ကိုဗစ်ရောဂါ ကြောင့် လူဦးရေ (၆၀၀၀)ကနေ (၉၀၀၀)အကြား နေ့စဉ်သေဆုံးနေရပါတယ်။ ငတ်မွတ်ခြင်းကပ်ဆိုက်တဲ့ အခါ အဲဒီထက်ပိုပြီးသေကြပါလိမ့်မယ်။

          ယေဇူးသခင်ဟာ ဆာလောင်နေတဲ့လူအုပ်ကြီးကို မြင်တဲ့အခါ ““သူတို့အပေါ် ကရုဏာသက်တော် မူတယ်””လို့ ဧဝံဂေလိကျမ်းက ဆိုထားပါတယ်။ အခုလို သန်းပေါင်းများစွာသောလူတွေ၊ အထူးသဖြင့် ကလေးငယ်တွေ ငတ်မွတ်နေတာကို မြင်ရရင် ယေဇူးသခင်ရဲ့နှလုံးတော်ကြေကွဲနေမှာ အသေအချာပါပဲ။ လော့ဒေါင်းချထားခြင်းကြောင့် ဆင်းရဲသားတွေ၊ နေ့စားအလုပ်သမား၊ လယ်သမားတွေ အတိဒုက္ခရောက် ကြရပါတယ်။ ဆာလောင်ခြင်းမရှိဖို့ သွားပြီး တားမြစ်လို့မရပါဘူး။ အစာအိမ်ကို အလုပ်မလုပ်ဖို့ သွားပြီး ပိတ်ပင်လို့မရပါဘူး။ အစာအိမ်ဟာ လူ့ခန္ဓာကိုယ်မှာ အန္တရာယ်အများဆုံးကိုယ်အင်္ဂါပါ။ ဆာလောင်ငတ် မွတ်ခြင်းကြောင့် လူတွေဟာ ကျေးကျွန်ဖြစ်ကြရတယ်။ လူ့ဂုဏ်သိက္ခာတွေဆုံးရှုံးကြရပါတယ်။

          ဒီနေ့ ဧဝံဂေလိကျမ်းမှာ ဆာလောင်နေတဲ့လူအုပ်ကြီးကို ယေဇူးသခင်မြင်တော်မူတဲ့အခါ ““သူတို့ အား စားစရာတစ်စုံတစ်ခုကို ပေးကြလော့””ဆိုပြီး သူ့ရဲ့တပည့်တော်ကြီးတွေကို စေခိုင်းခဲ့ပါတယ်။ ယေဇူး သခင်မိန့်ကြားခဲ့တဲ့ ““သူတို့အား စားစရာတစ်စုံတစ်ခုကို ပေးကြလော့””ဆိုတဲ့စကားဟာ အခုလိုအချိန်အခါ မှာ ကျွန်ုပ်တို့အားလုံးကို စိန်ခေါ်နေပါတယ်။ ကပ်ရောဂါရဲ့သက်ရောက်မှုကြောင့် စားစရာရှားပါးလာတဲ့ သန်းပေါင်းများစွာသောလူတွေ၊ နေ့စဉ်သေဆုံးသွားနိုင်တဲ့လူ(၁၂၀၀၀)အတွက် စားစရာတွေထောက်ပံ့ ပေးဖို့ လိုအပ်နေပါတယ်။

          ဆင်းရဲတဲ့နိုင်ငံတွေမှာ ငတ်မွတ်ခေါင်းပါးခြင်းကြောင့် ကလေးငယ်(၂၀၀၀၀)ကျော် သေဆုံးခဲ့ရပြီးပါ ပြီ။ ကိုဗစ်ကပ်ရောဂါနဲ့ ငတ်မွတ်ခြင်းကပ်နှစ်ခုပေါင်းပြီး ထိုးနှက်ရင် တစ်နှစ်မှာ လူပေါင်း(၁၀)သန်းအထိ သေဆုံးရနိုင်တယ်လို့ အကြမ်းဖျင်းတွက်ချက်ထားကြပါတယ်။ ဒါဟာ ကိုဗစ်ကြောင့် သေဆုံးရတဲ့လူထက် အများကြီးပိုပါတယ်။ ကမ္ဘာစစ်ကြီးကြောင့် လူသန်းပေါင်းများစွာသေကြေပျက်စီးရသလို ငတ်မွတ်ခြင်းက လည်း လူသားတွေကို တိတ်တဆိတ်နဲ့ မျိုးသုန်းသတ်ဖြတ်နေပါတယ်။

          အခုအရေးပေါ်လိုအပ်နေတာက အစားအစာမဟုတ်ပါဘူး။ တရားမျှတမှုရှိဖို့ပါပဲ။

          ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က စိတ်မကောင်းခြင်းကြီးစွာနဲ့ ထောက်ပြခဲ့သလိုပါပဲ။ အခုလူသားတွေခံစားနေရတဲ့ဒုက္ခသုက္ခတွေဟာ ““လူသားတွေရဲ့ ဖြုန်းတီးတဲ့အကျင့်၊ ကိုယ်ချင်းစာနာစိတ် ကင်းမဲ့တဲ့အကျင့်တွေကြောင့်””ပဲဖြစ်ပါတယ်။ အတ္တစိတ်၊ ဥပေက္ခာစိတ်၊ မျက်နှာသာပေးတဲ့စိတ်တွေ ကြောင့် အစားအသောက်တွေ လေလွင့်ဖြုန်းတီးခြင်းဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာတောင်မှ လူထောင် ပေါင်းများစွာ ငတ်မွတ်နေကြရတဲ့အချိန်မှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး တန်ချိန်များစွာကို နယ်စပ်တွေ မှာ စွန့်ပစ်ခဲ့ကြရပါတယ်။ ရန်ကုန်မှာရှိကြတဲ့ ဆင်းရဲသားတွေဟာလည်း ““ကိုဗစ်ကြောင့် သေမှာထက် ငတ်လို့ သေရမှာ”” ကို ပိုပြီးစိုးရိမ်နေကြရပါတယ်။

          လူသန်းပေါင်းများစွာဆာလောင်ငတ်မွတ်နေတဲ့အချိန်မှာ ထုတ်လုပ်ချက်ပြုတ်ခဲ့ပြီးတဲ့ အစားအစာ တွေရဲ့သုံးပုံတစ်ပုံဟာ လေလွင့်ဆုံးရှုံးနေပါတယ်။ အဲဒီလိုလေလွင့်ဆုံးရှုံးရတဲ့ အစားအစာတွေရဲ့တန်ဖိုးဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း (၂)သန်းခွဲကျော်ရှိပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဆာ လောင်မွတ်သိပ်သူဦးရေ (၈၁၅)သန်းကို လေးနှစ်လောက် ကျွေးမွေးနိုင်တဲ့ငွေကြေးပမာဏပါ။ ဒီလိုမျိုး ငတ်မွတ်ခြင်းကပ်ဆိုက်နေတဲ့အချိန်မှာတောင် နိုင်ငံတကာအစားအသောက်ကုမ္ပဏီကြီးတွေဟာ အကျိုး အမြတ်များစွာရရှိနေကြပါတယ်။ အစားအသောက်ကုမ္ပဏီကြီး(၈)ခုဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဒေါ်လာသန်းပေါင်း(၁၈၀၀၀) အမြတ်ရခဲ့ကြပါတယ်။ ငတ်မွတ်ခြင်းဟာ တကယ့်ကို စီးပွားဖြစ်စေတဲ့အရာ ပါ။

အစားအစာနဲ့ ခရစ်ယာန်တို့ရဲ့ယုံကြည်ခြင်းလမ်းစဉ်

          ခရစ်ယာန်တွေအဖို့တော့ အစားအစာဟာ ကိုယ်ခန္ဓာရဲ့လိုအပ်ချက်သက်သက်မဟုတ်ပါဘူး။ ဒါ ဟာ ယုံကြည်ခြင်းနဲ့ဆက်နွယ်နေပါတယ်။ ပထမဆုံးသောမိဘတွေဆီကို ဘုရားသခင်ရဲ့ကောင်းချီးတော် ရောက်ရှိလာတာဟာ အစားအစာကတစ်ဆင့်ဖြစ်ပါတယ်။

ဘုရားသခင်ကလည်း ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကို ဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သင်တို့ စားစရာဖို့ ငါပေး၏။ မြေသား၊ မိုဃ်းကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ စားစရာဖို့၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည့်အတိုင်းဖြစ်လေ၏။ (ကမ္ဘာဦးကျမ်း ၁း၂၉)

ဒီကောင်းချီးတော်ကို သစ္စာဖောက်ခဲ့တာကလည်း “ပန်းသီး”ဆိုတဲ့ အစားအစာကြောင့်ပဲဖြစ်ပါ တယ်။

ဘုရားသခင်ဟာ အစ္စရာအဲလ်လူမျိုးကို အီဂျစ်ပြည်ရဲ့ကျွန်ဘဝကနေ ကယ်ထုတ်တဲ့အခါမှာလည်း ပါစကားစားပွဲတော်ကို အသုံးပြုခဲ့ပါတယ်။ ကတိထားတော်မူတဲ့ပြည်ကို မရောက်မချင်း သဲကန္တာရမှာ လှည့်လည်သွားလာနေတဲ့အချိန်မှာ ဘုရားသခင်ဟာ မိမိလူမျိုးတော်ကို မန္နာမုန့်နဲ့ ကျွေးမွေးခဲ့ပါတယ်။

ခရစ်တော်သခင်ဟာလည်း အမှုတော်ဆောင်စဉ်မှာ အစားအစာတွေနဲ့ ပုံဥပမာပေးခဲ့ပါတယ်။

ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့ အလို့ငှာ စွန့်သော ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။ (ယော ၆း၅၁)

ရေငတ်နေသူကို ရေတိုက်တာ (မာတေဦး ၉း၄၁)၊ ဆာလောင်နေသူကို စားစရာပေးတာ (မာတေ ဦး ၂၅း၃၁) ဟာ ထာဝရအသက်ကို ရရှိစေတဲ့ကောင်းမှုပါရမီတွေဖြစ်တဲ့အကြောင်း ကိုယ်တော်ရှင်ကတိ ထားတော်မူခဲ့ပါတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးဖန်ဆင်းတဲ့အခါမှာလည်း ကိုယ်တော်ရှင်က ““ဤ အရာသည်ကား ငါ၏အသားဖြစ်၏၊ ယူ၍ စားကြလော့။ ဤအရာသည်ကား ငါ၏သွေးဖြစ်၏၊ ယူ၍ သောက်ကြလော့”” (မာတေဦး ၂၆း၂၆)ဆိုပြီး မိန့်တော်မူခဲ့ပါတယ်။ (၁ ကော်ရိန့်သု ၅းရ)မှာ ရှင်ပေါလုက ““ခရစ်တော်တည်းဟူသော ငါတို့၏ပါစကားသိုးငယ်တော်သည် ငါတို့အဖို့ ယဇ်ပူဇော်ရာဖြစ်၏””လို့ ဆို ထားတဲ့အတိုင်း ကိုယ်တော်ရှင်ဟာ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကို ကားတိုင်ထက်မှာ ပေးအပ်ခဲ့ပါတယ်။

ကက်သလစ်သာသနာတော်မှာ အစားအစာဟာ ကျွန်ုပ်တို့ယုံကြည်ခြင်းရဲ့အသက်ပါပဲ။ ကိုယ် တော်မြတ်စက္ကရမင်တူးဟာ ကျွန်ုပ်တို့ကက်သလစ်ယုံကြည်ခြင်းရဲ့ အထွတ်အထိပ်ပဲဖြစ်ပါတယ်။ (CC1324) ကျွန်ုပ်တို့ဟာ ကယ်တင်ခြင်းနဲ့ လွတ်မြောက်ခြင်းရဲ့စားပွဲတော်ကို ကျင်းပကြပါတယ်။ ဝမ်းနည်းဖို့ ကောင်းတာက ကိုဗစ်ကပ်ရောဂါက ကျွန်ုပ်တို့တွေ အတူတကွစုရုံးပြီး ကိုယ်တော်မြတ်မုန့်တော်ကို ဖဲ့ခွင့်၊ နှုတ်ကပါတ်တော်ကို ကြားနာခွင့်ကို စိန်ခေါ်နေပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့သခင် ယေဇူးခရစ်တော်ဟာ ကျွန်ုပ်တို့ကို အလင်းပေးလမ်းညွှန်နေပါတယ်။ အခုဆိုရင် ကမ္ဘာလောကတစ်ခုလုံးက မစ္ဆားပလ္လင်ဖြစ်လာ ပါပြီ။ လုပ်အားနဲ့ဖြစ်စေ၊ ပေးကမ်းခြင်းနဲ့ဖြစ်စေ အတိဒုက္ခရောက်နေသူတွေကို ကူညီတာဟာလည်း ကိုယ်တော်မြတ်မုန့်ကို ဖဲ့ပြီး အတူတကွဝေမျှစားသောက်တာနဲ့အတူတူပါပဲ။ ကိုယ်တော်မြတ်စက္ကရမင်တူးဟာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက်တည်ရှိနေပါတယ်။

ဒါပေမဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးကို ဖန်ဆင်းတဲ့မင်္ဂလာစကားရွတ်ဆိုရတာဟာ စိန်ခေါ်မှု တစ်ခုဖြစ်နေဆဲပါ။ စစ်ပွဲတွေဖြစ်ပွားနေတဲ့နေရာမှာ နေခဲ့ရတဲ့ ဘုန်းတော်ကြီးတစ်ပါးက ကျွန်ုပ်ကို ပြော ဖူးပါတယ်။ ““ကျွန်ုပ်အတွက်တော့ “ယူ၍ စားကြလော့”ဆိုတဲ့ မင်္ဂလာစကားရွတ်ဆိုရတာ အရမ်းကို ခက်ခဲ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေမှာ စားစရာ ဘာမှမရှိလို့ပါ။””

မှန်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လူပေါင်း (၁၂၂)သန်း စားစရာမရှိတော့မယ့်အချိန်၊ လူ (၁၂၀၀၀)လောက် နေ့တိုင်းသေရမယ့်အချိန်မျိုးမှာ ““ယူ၍ စားကြလော့””ဆိုတဲ့ မင်္ဂလာစကားဟာ စိန်ခေါ် မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဘုရားသခင်က ကျွန်ုပ်တို့ကို ပေါင်မုန့်(၅)လုံးနဲ့ ငါး(၂)ကောင်ပေးပြီးပါပြီ။ အခုအဲဒါတွေကို ပွားအောင် လုပ်ရမယ့်အချိန်ပါ။

          ဒီနေ့ဖတ်ရှုရတဲ့ဧဝံဂေလိကျမ်းကို ပြန်ကြည့်ရအောင်။ ပေါင်မုန့်(၅)လုံးဆိုတာ ဘာလဲ။ ငါး(၂) ကောင်ဆိုတာကရော ဘာလဲ။ ကျွန်ုပ်တို့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲနဲ့ အဲဒီအကြောင်းအရာကို နားလည်နိုင်မယ်ဆိုရင် ““ယူ၍ စားကြလော့””ဆိုတဲ့မင်္ဂလာစကားကို ကျွန်ုပ်တို့ ရဲရဲဝံ့ဝံ့ ရွတ်ဆို နိုင်ပါလိမ့် မယ်။ ကျွန်ုပ်တို့ဟာ ယေဇူးဘုရားရှင်မဟုတ်ပါဘူး။ ပေါင်မုန့်တွေကိုလည်း ပွားများအောင် မလုပ်နိုင်ပါ ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့သေသေချာချာဆင်ခြင်ထောက်ရှုမယ်ဆိုရင် ဘုရားသခင်က ကျွန်ုပ်တို့တစ်ဦးစီကို ““ပေါင်မုန့်(၅)လုံးနဲ့ ငါး(၂)ကောင်””ပေးထားတာကို သိလာပါလိမ့်မယ်။

          ပေါင်မုန့်(၅)လုံးဟာ တွေ့ခြင်း၊ ကြားခြင်း၊ အနံ့ရခြင်း၊ အရသာခံခြင်း၊ ထိတွေ့ခြင်း စတဲ့ အာရုံ (၅)ပါးပဲဖြစ်ပါတယ်။ အဲဒီအာရုံတွေကို အသုံးပြုပြီးတော့ ကျွန်ုပ်တို့ဟာ ကောင်းမှုတွေကို ဆပွားဆပွား တိုးအောင် လုပ်ဆောင်ပြီး လူသန်းပေါင်းများစွာကို အကူအညီပေးနိုင်ပါတယ်။ မာသာရ် ထရေဇားကိုပဲ ကြည့်ပါ။ သူ့ရဲ့ပေါင်မုန့်ဟာ ပွားများလာပြီး လူသန်းပေါင်းများစွာကို ကျွေးမွေးနိုင်ပါပြီ။ ဒါကြောင့် အခု လိုခက်ခဲကျပ်တည်းတဲ့ကာလမှာ ကျွန်ုပ်တို့ရဲ့ပေါင်မုန့်(၅)လုံးကိုလည်း ပွားများအောင် လုပ်ကြပါစို့။

၁။ ကျွန်ုပ်တို့ရဲ့မျက်စိဟာ လူတိုင်းလူတိုင်းကို ဘုရားသခင်ရဲ့ပုံသဏ္ဌာန်တော်နဲ့အညီ ဖန်ဆင်းထား တဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမတွေအဖြစ် ရှုမြင်နိုင်ပါစေ။

၂။ ထာဝရဘုရားသခင်လိုပဲ၊ ကျွန်ုပ်တို့ရဲ့နားဟာလည်း ဒုက္ခရောက်သူတွေရဲ့ငိုကြွေးသံကို ကြားနိုင်ပါစေ။

၃။ ထာဝရဘုရားသခင်ဟာ ကောင်းမြတ်တော်မူတဲ့အကြောင်း၊ ကိုယ်တော်ရှင်က ကျွန်ုပ်တို့ကို သူ့ရဲ့သားသမီးတွေဆီ အရောက်သွားဖို့ တောင်းဆိုနေတဲ့အကြောင်း ကျွန်ုပ်တို့သိရှိခံစားနိုင်ပါစေ။

၄။ ဒုက္ခရောက်နေသူတွေဆီကို အရောက်သွားပြီး သိုးတွေရဲ့အနံ့နဲ့အတူ ကျွန်ုပ်တို့ပြန်လာနိုင်ကြ ပါစေ။

၅။ ကျွန်ုပ်တို့ရဲ့လက်တွေဟာလည်း ဆာလောင်ငတ်မွတ်သူနဲ့ နာမကျန်းဖြစ်နေသူတို့ကို ထိတွေ့ ပြုစုနိုင်ပါစေ။

          ငါး(၂)ကောင်ကတော့ စစ်မှန်တဲ့ခရစ်ယာန်ဖြစ်ဖို့ လိုအပ်တဲ့ မေတ္တာနဲ့ ကရုဏာပဲဖြစ်ပါတယ်။ (လု ၃း၃၆) ““ကျွန်ုပ်တို့၏ကောင်းကင်အဖသည် သနားကြင်နာတော်မူသည့်နည်းတူ သင်တို့သည်လည်း သနား ကြင်နာခြင်းရှိကြလော့။””(လု ၆း၃၆) ကျွန်ုပ်တို့မှာ အာရုံ(၅)ပါးဆိုတဲ့ ပေါင်မုန့်(၅)လုံးနဲ့ မေတ္တာ၊ ကရုဏာ ဆိုတဲ့ ငါး(၂)ကောင်ရှိနေပါပြီ။ ကျွန်ုပ်တို့ရဲ့ကောင်းမှုပါရမီတွေကို လူထောင်ပေါင်းများစွာဆီ ရောက် အောင် ကျွန်ုပ်တို့လုပ်နိုင်ပါတယ်။

          ယေဇူးသခင်လိုပဲ ကျွန်ုပ်တို့ဟာလည်း ကုသခြင်းအစားအစာ၊ ဝေမျှပေးကမ်းခြင်းအစားအစာ၊ အားပေးနှစ်သိမ့်ခြင်းအစားအစာ၊ ချစ်ခြင်းနဲ့ တရားမျှတခြင်းအစားအစာတွေကို တစ်ပါးသူတွေနဲ့ ဝေမျှ နိုင်ပါတယ်။ လမ်းတွေဟာ မစ္ဆားပလ္လင်ဖြစ်ပါစေ။ ကျွန်ုပ်တို့ရဲ့ကောင်းမှုပါရမီတွေဟာ ပေါင်မုန့်တွေဖြစ်ပါ စေ။ ဒီကောင်းမှုပါရမီကနေ လူပေါင်းများစွာ အကျိုးခံစားကြရပါစေ။

          ရှင်ပေတရုလိုပဲ ကျွန်ုပ်တို့ဟာလည်း ဒုက္ခရောက်နေသူတွေကို အခုလိုမျိုးပြောနိုင်ပါစေ။ ““ငါ့၌ ရွှေ နှင့် ငွေမရှိ။ သို့သော် ငါ၌ ရှိသည့်အရာကို သင့်အား ငါပေး၏။ နာဇရက်မြို့သား ယေဇူးခရစ်တော်၏ နာမတော်၌ ထ၍ လျှောက်လှမ်းလော့။””

ပေါင်မုန့်(၅)လုံး၊ ငါး(၂)ကောင်နှင့် ကျွန်ုပ်တို့၏ကမ္ဘာ

          ဒီလိုကိုဗစ်ကပ်ရောဂါကျရောက်ချိန်မှာ ဘုရားသခင်အပေါ် မယုံကြည်တဲ့သူတွေက ““ဘယ်မှာလဲ ဘုရားသခင်””ဆိုတဲ့ အဓိပ္ပာယ်မဲ့တဲ့မေးခွန်းမျိုးမေးပြီး ကိုယ်တော်ရှင်ကို အသရေဖျက်ကြပါတယ်။ အဲဒီလို ဘုရားမဲ့ဝါဒီတွေထက်ပိုဆိုးတာက ဒီကိုဗစ်ကပ်ဆိုးဟာ ကမ္ဘာကုန်လို့ ဘုရားသခင်ဒုတိယအကြိမ်မကြွလာ မီ ဖြစ်ပေါ်တဲ့ ကပ်ရောဂါအဖြစ် ဟောပြောနေကြတဲ့ တရားဟောဆရာအတုအယောင်တွေပဲဖြစ်ပါတယ်။

          ဘုရားသခင်ရဲ့ကောင်းချီးတော်တွေကို မရေတွက်တဲ့သူတွေဟာ ပရောဖက် ယေရမိပြစ်တင်ပြော သလို ““မျက်စိရှိလျက်နှင့်မမြင်၊ နားရှိလျက်နှင့်မကြား၊ ဉာဏ်မဲ့သော လူမိုက်””တွေနဲ့ တူပါလိမ့်မယ်။  (ယေရ မိ ၅း၂၁)

          ဖန်ဆင်းခြင်းပြီးတဲ့အခါမှာ ဖန်ဆင်းရှင်ဘုရားသခင်ဟာ အာဒံကို ကောင်းချီးပေးတော်မူခဲ့တယ်။ ကိုယ်တော်ရှင်ဟာ သူ့ကို ““သွား၍ ပွားများကြလော့””ဆိုပြီး ကောင်းချီးပေးခဲ့ပါတယ်။ လူသားတွေအပြစ် ထဲ ကျရောက်တဲ့အချိန်နောက်ပိုင်းမှာတောင်မှ ဘုရားသခင်ဟာ အာဒံကို စွန့်ပစ်မထားခဲ့ပါဘူး။ ဘုရား သခင်ဟာ လူသားတွေကို ပေါင်မုန့်(၅)လုံးပေးသနားတော်မူခဲ့ပါတယ်။ အဲဒီပေါင်မုန့်(၅)လုံးဟာ ဆက် လက်တိုးပွားပြီး နှစ်သန်းပေါင်းများစွာတိုင်အောင် ဆက်လက်တည်တံ့နေပါတယ်။ အဲဒီပေါင်မုန့်(၅)လုံးက တော့ မြေ၊ လေ၊ ရေ၊ မီးနဲ့ ရာသီဥတု (Weather) တို့ပဲဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ကို ဒီအရာတွေနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သစ်ပင်ပန်းမန်တွေ၊ တောတောင်သဘာဝတွေဟာလည်း ဒီအရာတွေနဲ့ပဲ ဖွဲ့ စည်းထားတာပါ။

          ဒီအရာတွေဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတော်တွေကြောင့် လူသားကောင်းကျိုး အတွက် လိုအပ်ရာတွေကို ဖြည့်ဆည်းနေပါတယ်။ မြေသြဇာနဲ့ ရေချိုဟာ အစားအစာတွေကို ပွားများစေ ပြီး သန်းထောင်နဲ့ချီတဲ့လူတွေကို အသက်ရှင်သန်စေပါတယ်။ လေဟာလည်း ကျွန်ုပ်တို့အသက်ဆက်ဖို့ အရေးပါပါတယ်။ မီးကြောင့်မိုလို့ လူ့ယဉ်ကျေးမှုလည်း ဆက်လက်ထွန်းကားနေပါတယ်။

          ဘုရားသခင်ဟာ အရာအလုံးစုံကို ဖန်ဆင်းတော်မူပြီးတဲ့နောက် မိမိရဲ့ဖန်ဆင်းခြင်းကောင်းမြတ် တာကို တွေ့ရှိပြီး လူသားကိုလည်း ““သင်တို့သည် သားကို ဖွား၍ များပြားကြလော့။ မြေပေါ်မှာ အလွန် မွေးဖွား၍ များပြားကြလော့”” (ကမ္ဘာ ၉းရ)ဆိုပြီး မိန့်တော်မူခဲ့ပါတယ်။

          ဂန္ဓီကြီးပြောခဲ့သလိုပါပဲ။ ဘုရားသခင်ဟာ လူတွေရဲ့လိုအပ်ချက်အတွက် အရာအားလုံးကို ပေး သနားခဲ့တာဖြစ်ပါတယ်။ လူတွေရဲ့လောဘကို အားပေးဖို့ မဟုတ်ပါဘူး။ ဘုရားသခင်ဟာ လူတွေလိုအပ် တာသမျှကို ဖန်ဆင်းခဲ့တဲ့အတွက် ကမ္ဘာလောကတစ်ခုလုံးဟာ ဧဒင်ဥယျာဉ်လိုပါပဲ။

          ““ထာဝရဘုရားသခင်သည် လက်တော်ဖြင့် ကျွန်ုပ်တို့အား ကျွေးမွေးတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့လိုအပ်ရာအလုံးစုံကို ဖြည့်ဆည်းပေးတော်မူ၏။”” (ဆာလံ ၁၄၅)

          လောဘက လူသားမျိုးနွယ်တစ်ခုလုံးကို ၀ါးမျိုနေပါတယ်။ လူသန်းပေါင်းများစွာ သားကောင်ဘဝ ရောက်ကြရတယ်။ နေ့စဉ်နေ့တိုင်း ထောင်နဲ့ချီပြီး သေဆုံးနေကြရတယ်။ မျက်မှောက်ခေတ်မှာ လူသား တွေကို ဒုက္ခပေးနေတာ ကိုရိုနာဗိုင်းရပ်စ်တစ်ခုတည်းမဟုတ်ပါဘူး။ လောဘဗိုင်းရပ်စ်၊ ကိုယ်ကျိုးရှာတဲ့ ဗိုင်းရပ်စ်၊ ငတ်မွတ်ခြင်းဗိုင်းရပ်စ်၊ ဖိနှိပ်ချုပ်ခြယ်ခြင်းဗိုင်းရပ်စ်တွေဟာလည်း လူသားထုကို ဒုက္ခပေးနေပါ တယ်။ လူသားတွေခံစားနေရတဲ့ဆင်းရဲဒုက္ခဟာ လူ့ပယောဂနဲ့ မကင်းပါဘူး။ ဒုတိယကျမ်းစာမှာ ရှင်ပေါ လုထောက်ပြထားသလို ဆင်းရဲဒုက္ခ၊ စိတ်ညှိုးငယ်ခြင်း၊ ဖိနှိပ်ခံရခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အမျိုးမျိုး သောအန္တရာယ်ဆိုးတွေဟာ လူသားထုတစ်ရပ်လုံးကို ဖျက်ဆီးနေပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ ဆိုးညစ် တဲ့အကျင့်စရိုက်တွေပေါင်းစုရာကနေ ဖြစ်ပေါ်လာတဲ့ လက္ခဏာသွင်ပြင်တစ်ခုသာဖြစ်ပါတယ်။

          လူသားဆန်တဲ့စိတ်ဓာတ်ကို မွေးမြူကြဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ငါး (၂)ကောင်ရှိဖို့ တိုက်တွန်းထားပါတယ်။ အဲဒီငါး(၂)ကောင်က စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေး မှာ တရားမျှတမှုရှိဖို့ပါပဲ။ တရားမျှတမှုပျောက်ဆုံးပြီး ချမ်းသာကြွယ်ဝသူ လူနည်းစုက ကိုယ်ကျိုးအတွက် စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် စိတ်ကြိုက်ခြယ်လှယ်သုံးစွဲနေတာ အတော့်ကို ကြာညောင်းခဲ့ပါ ပြီ။

          ပေါင်မုန့်(၅)လုံးကို တန်ခိုးတော်နဲ့ ပွားများစေခဲ့တဲ့ ခရစ်တော်ရဲ့အပြုအမူဟာ မျက်မှောက်ခေတ် အခြေအနေနဲ့ အတော့်ကို ကိုက်ညီနေပါတယ်။ ကမ္ဘာလောကမှာ အချင်းချင်းဝေမျှသုံးစွဲတတ်ဖို့ လိုအပ် နေပါတယ်။ ပြည်သူပြည်သားတွေရဲ့ကျန်းမာရေးအသုံးစရိတ်ထက် စစ်လက်နက်ပစ္စည်းတိုးချဲ့တဲ့အသုံး စရိတ်များပြားနေတဲ့ အစိုးရတွေကို ဒီကိုရိုနာဗိုင်းရပ်စ်ပိုးက အကြီးအကျယ်အထိနာစေခဲ့ပါတယ်။ မမြင် ရတဲ့ဗိုင်းရပ်စ်ရောဂါပိုးဟာ အခုအခါမှာ လူသားတွေနှိမ်နင်းလို့မရတဲ့ဗိုင်းရပ်စ်ပိုးလို ဖြစ်နေပါတယ်။ သူ့ အောက်မှာ အင်အားကြီးနိုင်ငံတွေ ဒူးထောက်အရှုံးပေးနေကြရပါပြီ။ ပိုမိုမျှတကောင်းမွန်တဲ့ ကမ္ဘာဖြစ်ဖို့ ပရောဖက် အာမုတ်နဲ့အတူ ကျွန်ုပ်တို့ဆုတောင်းကြပါစို့။

          ““တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့လည်းကောင်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသောမြစ်ရေကဲ့ သို့လည်းကောင်း စီးစေကြလော့။”” (အာမုတ် ၅း၂၄)

          ဘုရားသခင်ရဲ့ကောင်းချီးတော်အပေါင်းကို သင်တို့ရရှိခံစားကြရပါစေ။

Message and Events
Untitled Document copyright © Catholic archdiocese of yangon. All right reserved